ပင်လောင်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ယခင်ငါးနှစ် တာကာလ အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှ ရရှိလာသည့် အတွေ့အကြုံများဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်သွားမည့် လုပ်ငန်းများက မြို့နယ် ဖွံ့ဖြိုး တိုးတက်မှုရ စေရေးနှင့် ထိခိုက်နစ်နာမှုမရှိအောင်ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်း က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရေးဆွဲထားသည့် မြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ လျာထားချက်နှင့် ယခင်က စီမံကိန်းရေး ဆွဲထားသည့် ကျန်းမာရေး၊ ပညာရေး၊ လမ်း၊ ရေ၊ တံတားများအပြင် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုရှိစေပြီး ပြည်သူများအတွက် ရေရှည် အကျိုးပြုနိုင် မည့်လုပ်ငန်းများ ထည့်သွင်းရေးဆွဲရန်လိုအပ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က စီမံကိန်းဆောင်ရွက်မည့် လမ်းညွှန်ချက်များအား အလေးအနက် ထားကြရန်နှင့် မိမိတို့ ရပ်ကွက်/ ကျေးရွာများ မှ ဒေသဖွံ့ဖြိုးရေးကဏ္ဍများ ဆောင်ရွက်မှုအပေါ် စာရင်းဇယား ပြုစုရာတွင် တိကျ မှန်ကန်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သက်ဆိုင်ရာဌာနများက မိမိတို့ဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလျာထားမှု အခြေအနေများ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များတင်ပြကြပြီး ယင်းနောက် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးခွန်မောင်သောင်းက နိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)