ပုသိမ် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေး မြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုးရေးစပ်သီကုံးသည့် အမျိုးသားအောင်ပွဲနေ့သန္နိဌာန် ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ် ဆောင်ပုဒ် များပါဝင်သည့် လက်ကမ်းစာစောင်များအား ပုသိမ်မြို့ ကမ်းနားလမ်းနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နွေးနွေးအောင် (ပုသိမ်-ပြန်/ဆက်)