ငွေဆောင်မြို့၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ပြုလုပ်ဆောင်ရွက်

ငွေဆောင်  ဒီဇင်ဘာ ၈

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign)ကို ယနေ့ နံနက် ၇ နာရီက ငွေဆောင်မြို့မစျေးနှင့်အ.ထ.ကငွေဆောင်ကျောင်းရှေ့လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြတ်ဒါနလူမှုကူညီရေးအသင်းနှင့် ငွေဆောင်ပရဟိတလူငယ်အဖွဲ့များမှ မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာစျေးဝယ်ကြသူများ၊ စျေးရှေ့ဖြတ်သန်း သွားလာနေကြသူများနှင့် အ.ထ.ကငွေဆောင် ကျောင်းရှေ့လမ်းဆုံ တွင် ဖြတ်သန်းသွားလာနေကြသူများအား နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိပါက နှာခေါင်းစည်း Maskများ (အခမဲ့)ပေးဝေခြင်း၊ တပ်ဆင် ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်စေခြင်း၊ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များအား လက်ကိုင် အသံချဲ့စက်များဖြင့် နှိုးဆော်ပြီး mask campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)