ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်

ဟားခါး မတ် ၁၁

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ( A Just Transition to Sustainable Lifestyles ) ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်ပုဒ် နှင့်အညီ ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ကမ္ဘာမြေကြီး ရေရည်တည်တံ့စေရေးအတွက် စားသုံးသူများ၏ ပိုမိုကောင်းမွန်သော အကာအကွယ်နှင့် စွမ်းဆောင်နိုင်မှုတို့အပြင် ကျန်းမာရေးသောရွေးချယ်မှု၊ ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ရရှိနိုင်စေရန် လက်ရှိမျိုးဆက်များ၏ အဓိကတာဝန်ရှိသည်ဟုခံယူကာ အားလုံးအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကလည်း စားသုံးသူများအတွက် စားသုံးသူအခွင့် အရေးများ အပြည့်အဝရရှိစေရန်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများ သည် နိုင်ငံတိုင်းအတွက် မရှိမဖြစ်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာပေါ်ရှိ လူသားအားလုံး နေ့စဉ်နှင့်အမျှ ဖြတ်သန်းလျက်ရှိသည့် စား၊ ဝတ်နေရေးဟူသည့် အရေးသုံးပါးနှင့်ပတ်သက်၍ စားသုံးသူများအတွက် ကာကွယ်ပေးရေးနှင့် မျှတသည့်စီးပွားရေးစနစ် ဖော်ဆောင်ရန် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည့်လုပ်ငန်းများကို အားပေးလှုံ့ဆော် ဆောင်ရွက်သွားရန် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း  အမှာစကားပြောကြားသည်။

ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စားသုံးသူအသိပညာပေးရေးဆိုင်ရာ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်က ဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် ( Convention on the Elimination of all Forms of Discri-mination Againt Women-CEDAW)ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမျိုးစုံမှ ကာကွယ်စောင့်ရှောက်ရေး၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မား ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည်များ ပိုမိုတိုးမြှင့်လာနိုင်စေရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဘေဂျင်းလုပ်ငန်းစီမံချက်ပါ နယ်ပယ်(၁၂)ရပ်ပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃−၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး(၂၀၂၃−၂၀၃၂) မူကြမ်းကို ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “တန်းတူအခွင့် အရေးရရှိဖို့၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” (For all women and girls: Rights. Equality. Empowerment) ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် များ အင်မတန်နည်းပါးသည်ကို စာရင်းမှတ်တမ်းများအရသိရှိရကြောင်း၊ အကယ်၍ ဖြစ်စဉ်များ ပေါ်ပေါက်ပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Help line နံပါတ်ဖြစ်သည့် (၁၅၆၆) သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံခြင်း၊ စွမ်းဆောင်ရည်နှင့် ပညာရည်မြင့်မားခြင်းတို့သည် နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မှတ်တမ်း Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ခရိုင်(ပြန်/ဆက်)