ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန် ကျောက်မဲ လူငယ်ပရဟိတအဖွဲ့က ဒုတိယ အကြိမ်အဖြစ် ဆန်၊ ဆီ နှင့် ဟင်းချက်စရာများ သွားရောက်လှူဒါန်း

 

ကျောက်မဲ ဒီဇင်ဘာ ၈

ကိုဗစ်၁၉ ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စ ပြေလည်စေရန် အတွက်  ကျောက်မဲ လူငယ်ပရဟိတအဖွဲ့က မြို့သူမြို့သားများထံ ဆန်၊ ဆီ၊ ဟင်းချက်စရာနှင့် လှူဘွယ်ပစ္စည်းများကို အများသူငှာထံ အလှူခံ၍ ဒုတိယအကြိမ်အဖြစ် ယမန်နေ့က ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းသို့ တဆင့်ပြန် လည် လှူဒါန်းမှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်အဖွဲ့သည် ကိုဗစ်၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရ၍ ခက်ခဲမှုရှိနေသော ကျောက်မဲရှိ ဘုန်းကြီး ကျောင်းများအတွက် အခြေခံစားနပ်ရိက္ခာများ လိုက်လံလှူဒါန်းရန် ရည်ရွယ်၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့က လူငယ် (၆) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်ကျောင်းတိုက် ၊ ဝါဆို ဘုန်းတော်ကြီးကျောင်း ၊ အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ ၊ ဟင်းချက်စရာများကို သွားရောက် လှူဒါန်း ပေးခဲ့ကာ ကျန်သည့် ဘုန်းတော်ကြီးကျောင်းများ သို့လည်း ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း  သိရသည်။

အလားတူ အဆိုပါအဖွဲ့သည် စက်တင်ဘာ လအတွင်း၌ ပထမ အကြိမ်အဖြစ် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်း ၂၄ ကျောင်း၊ သက်ကြီး ဘိုး/ ဘွား များ၊ ခက်ခဲ မိသားစုများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု ၃၂ စုအတွက် ငွေကျပ်တန်ဖိုး ၄၀ သိန်း  ရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ အမျိုးမျိုး၊ အာလူး၊ ကြက်သွန် အစရှိသည့် ဟင်းချက် စရာများကို ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း ကျောက်မဲ လူငယ်ပရဟိတအဖွဲ့မှ  မစုစုနိုင်၏ ပြောကြား ချက် အရသိရသည်။

ကျောက်မဲမြို့ပေါ်တွင် သံဃာ့အဖွဲ့ အစည်းနှင့် ခရိုင်သာသနာရေး ဦးစီးဌာနတို့တွင် စာရင်းရှိထားသော ဘုန်းကြီး ကျောင်း ၂၈ ကျောင်းရှိပြီး မြို့နှင့်နီးစပ်သော ကျေးရွာ ဘုန်းကြီးကျောင်း ၁၅ ကျောင်းဝန်းကျင်ရှိသည်ဟု ခရိုင် သာသနာ ရေးဦးစီးဌာနထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)