မိုးညှင်း ဒီဇင်ဘာ ၈
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Test Kit ဖြင့် နေ့စဉ်စစ်ဆေးခြင်းကို ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကုန်တင်ယာဉ်မောင်း(၃)ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့သူများသည် အသက် ၃၉ နှစ်အရွယ် ကုန်တင်ယာဉ်မောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်း၊ သပြေညွန့်ရပ်ကွက်နေသူ အသက် ၃၃ နှစ် အရွယ် ကုန်တင်ယာဉ်နောက်လိုက်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိလမ်းနေ အသက် ၂၆ နှစ်အရွယ် မှန်လုံကားယာဉ်မောင်း၊ (၁၂)ဘီးယာဉ်ပေါ်ရှိ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကုန်တင်ယာဉ်မောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးများ တွေ့ရှိခဲ့သဖြင့် အဆိုပါပိုး တွေ့လူနာများအား မိုးညှင်းခရိုင် ဆေးရုံကြီးရှိ သီးသန့်ကုသဆောင်တွင် ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မိုးညှင်းတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ပို့ဆောင်၍ စောင့်ကြည့်မှုခံယူစေပြီး ပိုးတွေ့ရှိသည့်ကားများကို ပိုးသတ်ဆေးဖျန်းခြင်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် လျက်ရှိကြောင်း အဆိုပါဂိတ်တွင် တာဝန်ထမ်းဆောင် နေသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ပိုးတွေ့ခဲ့သည့်အမျိုးသား(၄)ဦးအပါအဝင် အဆိုပါကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၂)ဦးအထိတွေ့ရှိ ထားပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး လက်ရှိ မိုးညှင်းခရိုင် သီးသန့်ဆောင်တွင် ရောဂါပိုးတွေ့ရှိသူ ၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)