ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးတွင် Test Kit ဖြင့် စစ်ဆေးရာ ဂိတ်ယာဉ်နောက်လိုက်တစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

ခိုင်ကမ်း  ဒီဇင်ဘာ  ၈

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့နံနက်ပိုင်းတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးကို Test Kit ဖြင့် စစ်ဆေးရာမှ  ကလေးမြို့မှ တီအိုချောင်းသို့ ကုန်စည်ပစ္စည်းများနှင့် ကွမ်းသီးများပို့ဆောင်မည့်ကုန်တင်ကား၏ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူယာဉ်နောက်လိုက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူအသက် ၃၈ နှစ်အရွယ် ဖြစ်ပြီး ကလေးမြို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၀ အောက်တိုဘာလ မှ စတင်ကာ ချင်းပြည်နယ်သို့ ဝင်ရောက်မည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းအထိစစ်ဆေးပြီး (၂၉၃၂) ဦးရှိကာ ကိုဗစ်-၁၉ ပိုးတွေ့ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၄) ဦးအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)