မြန်အောင် ဒီဇင်ဘာ ၈
ကနောင်မြို့သည် မြန်အောင်မြို့၏ တောင်ဘက် (၆) မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့ပေါ်ရပ်ကွက်ငါးခု၊ ရဲစခန်း၊ ဈေး၊ ဆေးရုံ၊ မီးသတ်စခန်း၊ ဘုရားစေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း များစွာရှိပြီး ဘာသာသာသနာ ထွန်းကားသောမြို့ဖြစ်သည်။
ကနောင်မြို့တွင် ရွှေမြင်တင်စေတီ၊ သိဒ္ဓတ္ထရံသီစေတီ၊ ဘုရားကိုးဆူစေတီ၊ အဘယာရုံကျောင်းကြီး ဆရာတော်ဦးဥတ္တမ၏ အရိုးအိုးစေတီ၊ မဟာလောကမုနိန်မာရဇိန် ကြေးဆင်းတုရုပ်ရှင်တော် ဘုရားကြီးနှင့် မဟာတံကဲတော်ကြီး၊ နှစ်ကျိပ်ရှစ်ဆူ သမ္ဗုဒ္ဓေဘုရားစေတီ၊ မင်္ဂလာကျောင်းဆရာတော် အရိုးအိုးစေတီ၊ ရွှေရောင်ပြစေတီ၊ ဆုတောင်းပြည့်ဘုရားကြီး၊ ရဟန္တာသိမ်တော်ကြီးဘုရား၊ နဂါးလိမ်ဘုရား၊ ရွှေကူစံ ဘုရားစေတီ၊ ခြောက်ဆူဘုရား၊ ငါးထပ်ကြီးဘုရား၊ ပြည်လုံးချမ်းသာစေတီတော် စသည့် ဘုရားစေတီ ပုထိုးများစွာ ရှိကြောင်း သိရသည်။
ပြည်လုံးချမ်းသာစေတီတော်ကြီးကို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ကနောင်မြို့ကို အပိုင်စားရသော အသည်ဝန်မင်းကတည်ထားခဲ့ပြီး (ဥဩညံစီဘုရားတည်) ဟူသောစကားအရ မြန်မာသက္ကရာဇ် (၁၁၃၃) ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး ဥဩညောင်သီး ဘုရားပြီးဟုသော စကားအရ မြန်မာသက္ကရာဇ် (၁၁၃၆) ခုနှစ်တွင် ပြီးစီးအောင်မြင်ခဲ့သည်။ ကနောင်မြို့ ပြည်လုံးချမ်းသာစေတီတော်ကို ကနောင်မြို့မရပ်အစွန်ဆုံး ဧရာဝတီမြစ် ကမ်းဘေးတွင်တည်ရှိပြီး စေတီတော်အရှေ့ရှိတံခွန်တိုင်ကြီးများမှာ ကမ်းပြိုရာတွင်ပါကာ ပျက်စီးသွားခဲ့သည်။
ယခုအခါ နှစ်ပေါင်း (၂၄၉) နှစ်ရှိပြီဖြစ်သော ပြည်လုံးချမ်း သာစေတီတော်မြတ်ကြီးနှင့် ဘုရားပုရဝဏ် အတွင်းရှိ ဘုရားစေတီများကို ပြန်လည်ပြုပြင်မွမ်းမံ ရောင်တော်ဖွင့်ခြင်းကို ကနောင်မြို့ ရပ်ကွက်/ တိုက်နယ် သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒလမ်းညွှန်မှုများဖြင့် ကနာင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ ကနောင်နယ်မြေ ရဲစခန်းမှူး၊ ရပ်မိရပ်ဖများ၊ ဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)