သာစည်မြို့နယ် ကျေးရွာများတွင် လျှပ်စစ်မီးဖွင့်ပွဲများ ကျင်းပ

သာစည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မကျီးရိုးကျေးရွာအုပ်စု၊ မကျီးရိုးကျေးရွာနှင့်  ဇဝင်းကျေးရွာ အုပ်စု၊ မြောင်းဦး ကျေးရွာတို့တွင် ယနေ့ နံနက် ၉  နာရီက လျှပ်စစ်မီးဖွင့်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကျီးရိုးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များဖြစ်ကြသော လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး အခမ်းအနားကို ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးဦးဇာနည်အောင် က အမှာစကားပြောကြားပြီး  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ က ဒေသတွင်း လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှုများ၊ လမ်းတံတားဆောင်ရွက်မှုများ စသည်ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ပြီး မြောင်းဦးကျေးရွာလျှပ်စစ်မီးဖွင့်ပွဲကို နံနက် (၁၁) နာရီတွင် အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးက အမှာစကားပြောကြားကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က  ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို  ရှင်းလင်းပြောကြားသည်။  ထို့နောက်  ကျေးရွာမီးလင်းရေး ကော်မတီဝင် ဦးမင်းသူကကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါကျေးရွာများ  လျှပ်စစ်မီးလင်းရေးအတွက်  PFI   စနစ်နှင့်ကျေးရွာပြည်သူများထည့်ဝင်ငွေ  တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး   မကျီးရိုးကျေးရွာအိမ်ထောင်စု  ၂၈၃  စုတွင် အိမ်သုံးမီတာ  ၁၉၂  လုံး၊ မြောင်းဦးကျေးရွာ အိမ်ထောင်စု ၄၇၀ စုတွင် အိမ်သုံးမီတာ ၁၆၂ လုံး တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)