ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားသို့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက်

ဟားခါး  ဒီဇင်ဘာ ၈

ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားကို ယမန်နေ့က ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းက သီးမစ်ချောင်းမှ ရေသွယ်တန်းမှု အခြေအနေများ၊ ဟားခါးမြို့တွင်း လူဦးရေနှင့် သောက်သုံးရေ အသုံးပြုမှု အခြေအနေများ၊ မြို့တွင်းရေသွယ်တန်းပုံအဆင့်ဆင့် အပါအဝင် ဟားခါးမြို့တွင်း ရေဖြန့်ဝေလိုင်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆေးနွေးခဲ့ကြသည်။

အဆိုပါ မေးမြန်းဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု ဆောင်ရွက်ရာတွင် Group (၁၂) ခု သတ်မှတ်၍ ရေစုကန်များ ဆောင်ရွက်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက်အားလုံးကို ရေဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းထံမှ သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)