ဟားခါး ဒီဇင်ဘာ ၈
ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယမန်နေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mask Campaign ကို ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့်လမ်းဆုံနေရာများ၊ စျေးများတွင် Mask တပ်ဆင်ခြင်းမရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Mask တပ်ဆင်သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များ၊ ဟားခါးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ဟားခါးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Mask Campaign ကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့် နေ့ရက်သတ်မှတ်၍ (၁၄)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)