ရွှေကူ ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ် (၅၉)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၂)ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်နောက်လိုက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာတွင် နေထိုင်သော အမျိုးသား(၁)ဦးနှင့် (၂၂)ဘီး ငှက်ပျောတင် ယာဉ်မှ ယာဉ်နောက်လိုက် နေပြည်တော် လယ်ဝေးမြို့နယ်၊ အေလာရပ်ကွက် မြို့သစ်(၁)လမ်း၌ နေထိုင်သော အမျိုးသား(၁)ဦးတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ ငှက်ပျောတင်ယာဉ်မှ ယာဉ်နောက်လိုက်(၂)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း(ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၎င်းပိုးတွေ့လူနာ(၂)ဦးနှင့်အတူ ဆက်စပ်မှု ရှိသော ငှက်ပျောတင်ယာဉ်မှ ယာဉ်မောင်း(၂)ဦးနှင့် ယာဉ်နောက်လိုက်(၁)ဦးကို ရွှေကူမြို့နယ်ရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၈)ဦး ရှိပြီဖြစ်ကြောင်း၊ (၁၈)ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်းကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)