ညောင်ဦး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မြို့သာယာလှပရေးအတွက် LED လမ်းမီးလုံးကြီး ၄၄၄ လုံး တိုးချဲ့တပ်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်ထံက သိရသည်။ အဆိုပါ LED လမ်းမီးလုံးကြီး ၄၄၄လုံးအား တိုးချဲ့တပ်ဆင်ပြီး လမ်းမီးထွန်းနိုင်ရန်အတွက် လမ်းမီးသုံးပြုသည့် လျှပ်စစ်ထရန်စဖော်မာများ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းနှင့်လမ်းမီးထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်းများကိုပါ တပါတည်းဆောင်ရွက်လျက် ရှိကြောင်း အဆိုပါလုပ်ငန်းများကို ပုဂံဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်း သာယာလှပရေး ရန်ပုံငွေကျပ်သန်း(၂၅၂၀)မှ ကျခံဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွား မြို့တော်ဖြစ်သည့် ရှေးဟောင်းပုဂံ-ညောင်ဦး ပတ်ဝန်းကျင်ဒေသတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်ထံကသိရသည်။
LED မီးလုံးကြီးများတိုးချဲ့တပ်ဆင်ပြီး လမ်းမီးများထွန်းလင်းခြင်းဖြင့် ရှေးဟောင်း ပုဂံ-ညောင်ဦးဒေသတွင်း မြို့သာယာလှပပြီး ဒေသအတွက်လုံခြုံရေးပါ အထောက်ကူပြု ကြောင်း၊ လမ်းမီးသုံးပြုသည့် ထရန်စဖော်မာများ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းမီးထရန်စဖော်မာများ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းကြောင့် လမ်းမီးများကို လျှပ်စစ်ဓာတ်အားစံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့် ဝဝဖြင့် အလင်းအားကောင်းမွန်စွာ ထွန်းလင်းပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်း ကျဆင်းပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ထရန်စဖော်မာများချို့ယွင်း လောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ပုဂံ-ညောင်ဦးဒေသစိမ်းလန်း စိုပြေရေးနှင့်သန့်ရှင်းသာယာလှပရေး တင်ဒါကော်မတီဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင် ပြောကြားချက်အရသိရသည်။
ကိုထိန်၊KPD