ပုလော ဒီဇင်ဘာ လ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စျေး၀ယ်သူ၊ စျေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပုလောမြို့ စည်ပင်သာယာစျေးနှင့် ပျံကျစျေးအတွင်း ရောင်းသူ၊ ၀ယ်သူ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်နှင့် လက်များကို မကြာခဏဆေးကြောရန် အသိပညာ ပေး၍ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ချက်ချင်း၀ယ်ယူတပ်ဆင် စေခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာ၀န် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)