ဘားအံ မတ် ၁၄
ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တပေါင်းပွဲတော် ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းပွဲ၊ အာရုံဆွမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းတို့တွင် ကုသိုလ်ဒါနပြုကြသူများ၊ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
ဦးစွာ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် အရန်ဗုဒ္ဓရုပ်ပွားတော် (၃) ဆူတို့အား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီအချိန်က အဆိုပါစေတီတော်ပရိဝုဏ်ရှိ ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များက အောင်ချမ်းသာမြတ်စွာဘုရားကြီးနှင့် အရန်ဗုဒ္ဓရုပ်ပွားတော် (၃) ဆူတို့အား ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းကြကာ ဩဝါဒါစရိယဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နံနက် ၉ နာရီတွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီး၏ ဩဝါဒဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မဟာမင်္ဂလာအခမ်းအနားကို တိုးချဲ့ရင်ပြင်တော်၌ကျင်းပရာ မြို့နယ်ဩဝါဒါစရိယ အုန်းတပင်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တအဂ္ဂဝံသထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီများထံမှဩဝါဒခံယူကာ ဆရာတော်ကြီးများ ရွတ်ဖတ်သရစ္ဇျယ်တော် မူသော မေတ္တာသုတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဩဝါဒါစရိယအမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏလင်္ကာရထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါစေတီတော်တည်နေရာ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်ပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၈၁၅ ပါး၊ သီလရှင်ကျောင်း ၁၂ ကျောင်းမှ သီလရှင် ၅၆၈ ပါး စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၂၃၈၃ ပါးတို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ စတုဒိသာလှူဒါန်းပွဲကို မွန်းလွဲ ၅ နာရီခန့်က ဘားအံမြို့မဘောလုံးကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စတုဒိသာမဏ္ဍပ် ၄၉ ခုဖြင့် မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ စားဖွယ်အမျိုးမျိုးတို့ဖြင့် စတုဒိသာတည်းခင်ဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ စတုဒိသာလာရောက်သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ချိန်တည်းတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်မှုအား ကြည့်ရှုအားပေးခဲ့ကြကာ တည်ခင်းဧည့်ခံသော အစားအသောက်များကိုသုံးဆောင်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတုဒိသာလှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)