ဒေးဒရဲမြို့၌ ဆောင်းနေကြာစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ    ဒီဇင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်းနေကြာစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က ပြည်သူများအနေဖြင့် ယခုစားသုံးနေသည့်ဆီများတွင် ဓာတုဗေဒနည်းများဖြင့် ပြုလုပ်သည့် အရော အနှောများ ပါဝင်နေသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်နေကြာအား စနစ်တကျစိုက်ပျိုး၍ ရရှိလာသည့် ဆီအားစားသုံးပါက အန္တရာယ်ကင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့၍ မျိုးစေ့များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပါက နေကြာစိုက်တောင်သူများအတွက် ချေးငွေထုတ်ချေးခွင့်ရရှိရေး ကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက နေကြာ စိုက်ပျိုးမည့် နည်းစနစ်များ၊ နေကြာမျိုး၊ ဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမည့် အခြေအနေများနှင့် မျိုးစေ့အသုံးပြုများအား ဆွေးနွေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က နေကြာအား စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ မိမိဒေသအတွင်းရှိ ပြည်သူများအား အောင်မြင်စွာစည်းရုံး၍ စိုက်ပျိုးနိုင်စေရန် ဦးဆောင်ဦးရွက် ပြုစေလိုကြောင်း၊ စိုက်ပျိုးသည့် သီးနှံပြောင်းလဲသွားသည့်အတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ အခက်အခဲများအား သက်ဆိုင်ရာတိုက်နယ်အလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)