ကြံခင်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်ဆု ရကျောင်းများနှင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းတို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ဆုချီးမြှင့်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကိုဗစ်ကာလဖြစ်သဖြင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဖိတ်ကြားမှုမပြုနိုင်သော ဌာနဆိုင်ရာများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက နားလည်ပေးကြစေ လိုကြောင်း၊ ထူးချွန်စွာ သင်ကြားမှုပေးသော ဆရာ/ဆရာမများနှင့် တစ်ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား သက်ဆိုင်ရာကျောင်းများမှ တစ်ဆင့် ပေးအပ်မည်ဖြစ်ကြောင်း၊ ဆုပေးပွဲအတွက်ကဏ္ဍအသီးသီးမှ ကူညီပံ့ပိုးသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် အောင်ချက်အကောင်းဆုံးဆု၊ ကိုယ်ပိုင်အထက်တန်းကျောင်းဆု၊ ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းအထူးဆု၊ နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲဖြင့် ဘာသာစုံဂုဏ်ထူး ပထမဆုရ မောင်ဝေယံလင်းကျော်၊ နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲဖြင့် (၅)ဘာသာဂုဏ်ထူးရှင် ဒုတိယဆုရမစုပိုပိုအောင်နှင့် နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့်(၅) ဘာသာဂုဏ်ထူးရှင် အဋ္ဌမဆုရ မောင်မင်းခန့်စည်သူ၊ တိုင်းအဆင့်တွင်(၆)ဘာသာဂုဏ်ထူးဖြင့် အဋ္ဌမအဆင့်ရရှိသော မသံသာသင်းနှင့် လူရည်ချွန်မောင်မယ်(၄)ဦးတို့အား တာဝန်ရှိသူအသီးသီးမှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်းနှင့် (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၇)ဦးနှင့် (၂)ဘာသာဂုဏ်ထူးရှင် (၃၃)ဦးတို့အား အဖွဲ့များခွဲကာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင့်၊ မြိုနယ်ပညာရေးဦးစီးဌာန မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဖိတ်ကြားသင့်သော မြို့နယ်ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ များနှင့် ဆုရကျောင်းနှင့် ဆုရကျောင်းအုပ် ဆရာ၊ဆရာမ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)