ကော့သောင်း၊ ဒီဇင်ဘာ ၈
ကော့သောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ ဆရာတော်သံဃာတော်ကြီးများက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ ဘိုးဘွားများ ဆေးဝါးကုသမှု ကိစ္စရပ်များတွင်အသုံးပြုနိုင်ရန် ယမန်နေ့ ညနေပိုင်းက အလှူငွေများကြွရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းမှူတွင် ကော့သောင်းမြို့ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက်ဆရာတော်ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်ကြီး (၁၃) ပါး မှ ရိပ်သာရှိ ဘိုးဘွားများမာမကျန်းဖြစ်သည့်အခါ ဆေးဝါးကုသမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ရည်ရွယ်ကာ မတည်အလှူငွေ တစ်ဆယ်တစ်သိန်းခြောင်းသောင်းကျပ်နှင့် ထိုင်းဘတ်ငွေ တစ်သောင်းတစ်ထောင်ဘတ်အား ဘိုးဘွားရိပ်သာဘဏ္ဍာရေး ကော်မတီသို့ကြွရောက် လှူဒါန်းခြင်းဖြစ်သည်။
ကော့သောင်းမြို့ဘိုးဘွားရိပ်သာအား ၂၀၀၃ခုနှစ်ခန့်က မြို့မိမြို့ဖ အလှူရှင်များ လုပ်ငန်းရှင်များ စုပေါင်းဆောက်လုပ်လှူဒါန်းခဲ့ကြပြီး ၂၀၁၄ခုနှစ်မှစတင်၍ ကုသိုလ်ရှင်များဖြင့် ကော်မတီဖွဲ့စည်းကာ ခိုကိုးရာမဲ့ဘိုးဘွားများအား လက်ခံပြုစုစောင့်ရှောက်ခဲ့ကြပြီးရိပ်သာ အရှည်တည်တံ့ရေးမြို့မိမြို့ဖစေတနာရှင်များက ယနေ့အထိ ကုသိုလ်ပြုဆောင်ရွက်လျှက်ရှိရာရိပ်သာတွင် ဘိုးဘွား(၄၀)ကျော်ခန့်ကို ပြုစုစောင့်ရှောက်ပေးထားကာ ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားများ ပိုမိုလက်ခံပြုစုစောင့်ရှောက် ပေးနိုင်ရေး အဆောက်အဦးများတိုးချဲ့ခြင်း၊ နေ့စဉ်ကျွေးမွေးပြုစုခြင်း၊ ဆေးဝါးကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပြီး ဘိုးဘွားများအားရေရှည်ပြုစုစောင့်ရှောက်နိုင်ရေး စေတနာရှင်အလှူရှင်များမှ စေတနာအလျောက်လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)