မယ်စဲ့မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မယ်စဲ့ ဒီဇင်ဘာ ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့တွင်းလမ်းဆုံ၊ လူစည်ကားရာနေရာများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များသို့ လိုက်လံဖြန့်ဝေခဲ့ ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်နှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အဓိဌာန်ကဗျာ၊ ကာတွန်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မှ ပေးပို့သော သဝဏ်လွှာမှ ကောက်နုတ်ချက် အစရှိသည့် အကြောင်းအရာများ ပါဝင်သည့် သတင်း စကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)