ဟင်္သာတ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ယနေ့နံနက်ပိုင်းက ဟင်္သာတမီးရထား ဘူတာရုံ၊ စျေးများနှင့် လမ်းသွား လမ်းလာနေရာများ၊ လူစည်ကားရာနေရာများတို့တွင် အခမဲ့လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုး တက်မှု နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးနှင့် ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်”ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူအများ လေ့လာသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)