ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ကြက်ပေါက်စများအား မီးသွေး မီးဖိုဖြင့် မီးကိုင်ရာမှ ကြက်မွေးမြူရေးခြံ မီးလောင်ပျက်စီး

ဖလမ်း         ဒီဇင်ဘာ        ၈

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က ကြက်ပေါက်စများအား မီးသွေးမီးဖိုဖြင့် မီးကိုင်ရာမှ ကြက်မွေးမြူရေးခြံ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေသူသည် ကြက်ခြံတွင် မွေးမြူသည့် ရက်သားအရွယ် ကြက်ပေါက်စများအား မီးသွေးမီးဖိုဖြင့် မီးကိုင်ရာမှ  ကြက်မွေးမြူရေးခြံ မီးလောင်ပျက်စီးသွားခဲ့သည်။

မီးလောင်သည့် ကြက်ခြံကို ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၂)စီး နှင့် မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါကြက်မွေးမြူရေးခြံသည် (၂၄×၁၂)ပေရှိ သွပ်မိုး၊ အကာ မိုးကာ၊ အခင်း သံဇကာဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်ပြီး ကြက်မွေးမြူရေးခြံပိုင်ရှင်ကို ဖလမ်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း ဖလမ်းမြို့နယ် မီးသတ် ဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)