ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား(၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါး  ဒီဇင်ဘာ ၈

 ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက် သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်း ကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ယနေ့ နံနက်တွင်  မိုးကောင်းကင် ကုန်တင်ယာဉ်မောင်း (၁)ဦးနှင့်ကျော်ဇေယျ ယာဉ်နောက်လိုက်အမျိုးသား (၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ သူပေါင်း (၉)ဦးအထိ ရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။

အဆိုပါ ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက်အမျိုးသား(၂)ဦးသည် ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် သီးခြားလူနာတင်ယာဉ်ဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံသို့ပို့ဆောင်လျက် ဆေးကုသမှုခံယူစေပြီး ၄င်းနှင့်အတူ လိုက်ပါလာသည် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား ဟားခါးမြို့ Facility Quarantine သို့ ပို့ဆောင်ထားသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း ရှိန်အဟုန်မြှင့်ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့သည်။

ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများ ကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့်ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည် ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေး လျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှုမရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၁၅၉၁)စီး၊Swab နမူနာ စစ်ဆေးသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ(၂၄၈၉)ဦး၊ရောဂါပိုး တွေ့ရှိသူ (၇)ဦးရှိရာမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ(၂)ဦးထပ်မံတွေ့ရှိရာ ရောဂါပိုးတွေ့ရှိ သူဦးရေ ပေါင်း(၉)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှသိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)