ပြင်စလူ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေရဲစခန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မှုခင်းကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဆားချက်ကျေးရွာအုပ်စု၊ သိပ္ပံကုန်းကြီး ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြင်စလူမြို့ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက ကျေးရွာအတွင်း မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်မြေရဲစခန်းမှ ရဲအုပ် ကြည်စိုးနိုင်က မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် ရဲလုပ်ငန်းစဉ်များ၊ ရဲအရေးယူပိုင်ခွင့်၊ ပြစ်မူ့နှင့် ပြစ်ဒဏ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြင်စလူမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မိုးဇော် က လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းကိုင်တွယ် အသုံးပြုရာတွင် သတိထားဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းသိရပြီး တက်ရောက်လာသော ဒေသခံကျေးရွာ ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဖြိုးသူ( ပြန်/ဆက်)