တာချီလိတ်၌ နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို လွှဲပြောင်း ပို့ဆောင်ပေး

တာချီလိတ် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်များမှ ယမန်နေ့ နေ့လယ် အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကာ စနစ်တစ်ကျ ပြန်လည် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြသည်။

ထိုင်းနိုင်ငံသားများသည် ကိုဗစ် -၁၉ ကူးစက်ရောဂါ မဖြစ်ပွားသေးခင်အချိန်၌ တာချီလိတ်မြို့သို့ လာရောက် အလုပ်လုပ်ကိုင် နေထိုင်ခဲ့ကြသူများဖြစ်ကြပြီး ကိုဗစ် -၁၉ စတင်ဖြစ်ပွားချိန်မှစ၍ စက်ရုံ အလုပ်ရုံများ ပိတ်ပင်မှုကြောင့် အလုပ်အကိုင် ရှားပါးလာခြင်းနှင့် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာလျက်ရှိသဖြင့် မိခင်ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာလျက်ရှိသည်။

နေရပ်ပြန်လိုသည့်ထိုင်းနိုင်ငံသား ၁၀ ဦးကို တာချီလိတ်မြို့ လဝက ဌာနခွဲ (၆)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဦးစည်သူမောင်(အတွင်းရေးမှူး) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောက်ရှောက်ရေးအဖွဲ့ (CNCMC)တို့က ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ ရွေ့လျား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစက်ဖြင့် စနစ်တကျစစ်ဆေးပြီး တံတား(၂)တာဝန်ခံ ရဲအရာရှိ Pathpon Onnoul၊ လဝကအရာရှိ Songsok Pakiang နှင့် ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီးသည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)