ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင် သုဿန်ဟောင်း မြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်းပြုလုပ်ရန်အတွက် ယနေ့ နံနက်(၉)နာရီက ပန္နက်တင် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းမင်းဇော်တို့က အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် ယာဉ်ရပ်နားစခန်း ဆောက်လုပ်မည့် မြေနေရာအား ဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မင်္ဂလာပန္နက်တော်များ ရိုက်ပေးခဲ့ကြသည်။ အဆိုပါကားကြီးဝင်း (ယာဉ်ရပ်နားစခန်း) သည် ယခင်ကျောက်ဆည်မြို့၏ သုဿန်မြေနေရာဖြစ်ပြီး အကျယ် (၂၀.၅၆)ဧက ပေါ်တွင် အပိုင်း(၂)ခွဲကာ၊ အပိုင်း(၁)မြေနေရာတွင် ကုန်တင်တွဲ ကားအစီး(၁၀၀) ရပ်နားနိုင်သည့်နေရာ၊ စားသောက်ခန်းများ၊ လူနေပွဲရုံများ၊ ယာဉ်ပြင်အလုပ်ရုံများ၊ အဝေးပြေးယာဉ်များ ခေတ္တရပ်နားမည့်နေရာနှင့် တည်းခို နားနေအဆောင်များပါဝင်ပြီး၊ အပိုင်း(၂) မြေနေရာ ပေါ်တွင် ဟိုတယ်များ၊ ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံနှင့် စက်သုံးဆီဆိုင်ခန်းများ ထည့်သွင်း တည်ဆောက်သွားနိုင်ရေး တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်ဖြင့် တင်ဒါအောင် ဆန်းမြတ်ထွန်း ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ထိုသို့ ဆောက်လုပ်ရာတွင် အပိုင်း(၁) ရင်းနှီးမြှပ်နှံမှုအား စည်ပင်သာယာရေးနှင့် တင်ဒါအောင် ကုမ္ပဏီတို့မှ (၄၀)ရာခိုင်နှုန်း၊ (၆၀)ရာခိုင်နှုန်းဖြင့် (၁)နှစ်ကြာ ဆောက်လုပ်သွားမည်ဖြစ်ပြီး အပိုင်း(၂)အား (BOT)စနစ်ဖြင့်(၂)နှစ်၊ စုစုပေါင်း(၃)နှစ်ကြာ တည်ဆောက်သွားမည် ဖြစ်ကြောင်း လည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)