ဖားကန့် ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယနေ့အထိ (၂၀၄) ဦးထိရှိသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုသည် ကျေးရွာတစ်ရွာထဲတွင် ဖြစ်ပွားခြင်းမျိုးမဟုတ်တော့ဘဲ မြို့နယ်အတွင်း ကူးစက်မှု များရှိလာနေသည့်အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနကလည်း ဖားကန့်ပြည်သူများအတွက် လူစုလူဝေးများသောနေရာ မသွားရန်နှင့် မဖြစ်မနေ သွားလာရမည့် ကိစ္စများရှိပါက Mask တပ်ဆင်ရန် တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာနေရန် သတိပေးချက်များ နေ့စဉ် ထုတ်ပြန်လျက်ရှိနေသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုများသည် နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်း လုံးခင်းကျေးရွာအုပ်စုအတွင်း ကူးစက်မှုလျင်မြန်စွာပျံ့နှံ့ခဲ့ရာမှ ယမန်နေ့က လုံးခင်းကျေးရွာအုပ်စုတွင်(၁၀)ဦးနှင့် လုံးခင်း ကျေးရွာအုပ်စုကို ကျော်လွန်ပြီး ဆိပ်မူကျေးရွာမှ ပိုးတွေ့ရှိသူ(၉)ဦး တွေ့ခဲ့ရကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးမင်းသူက ပြောသည်။
ယနေ့တွင် ဆိပ်မူကျေးရွာ၌ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပိုးတွေ့ရှိသူနှင့်ဆက်စပ်သူများအား တို့ပတ်နမူနာများရယူခြင်း၊ ကျေးရွာအတွင်း စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသော ဆိုင်များမှအပ အခြားဈေးဆိုင်များ ဖွင့်လှစ်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ပြည်သူများအနေဖြင့် မဖြစ်မနေအခြေအနေ မျိုးမှသာ အိမ်ထဲမှ အိမ်ပြင်ထွက်ရန် ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးမှ သိရသည်။
ဖားကန့်၌ ပိုးတွေ့သူစုစုပေါင်း (၂၀၄)ဦးအနက် (၁၁၂)ဦး ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်သည့် အတွက် လူနာ(၉၂)ဦးကို ဖားကန့်ဆေးရုံ၊ သီတဂူဆေးရုံနှင့် လုံးခင်းတိုက်နယ်ဆေးရုံတို့တွင် ကုသမှု ပေးလျက်ရှိသည်။
ဖားကန့်၌ ပိုးတွေ့ရှိမှုများ ဆက်လက်မြင့်တက်လာမှုကြောင့် ယူမာကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာအဖြစ်မှ ကိုဗစ်-၁၉ ဆေးဝါးကုသဆောင်အဖြစ်ပြောင်းလဲထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)