ထားဝယ် မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး ပညာရေးဌာနနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးတို့ ပူးပေါင်း၍ ဌာနတွင်း အရာထမ်း၊ အမှုထမ်းများ ဥပဒေပညာရပ်ဆိုင်ရာ အသိပညာဖြန့်ဝေပေးနိုင်ရေး ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များ၊ ရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ ဥပဒေပညာရပ်ကို သိထားသင့်ကြောင်း၊ ဥပဒေပညာရပ်သည် အရေးကြီးကြောင်း၊ ဆရာ/မများအနေဖြင့် ဥပဒေပညာရှင်များမှ သင်ကြားပို့ချဆွေးနွေးမည့်အကြောင်းအရာများကို သေချာစွာလေ့လာမှတ်သားပြီး မိမိအတွက်၊ မိမိပတ်ဝန်းကျင်နှင့် ကျောင်းသား/သူများအတွက်ပါ မျှဝေပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်ဥပဒေကို လေးစားလိုက်နာခြင်းဖြင့် တည်ငြိမ်အေးချမ်းသော လူမှုဘဝပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရာဇသတ်ကြီးဥပဒေစာအုပ် (၂) အုပ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးက လက်ခံရယူသည်။
သင်တန်းတွင် ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့တွင် ဖော်ပြထားသော သိသင့်သိထိုက်သည့် ပြဌာန်းချက်များကို ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများက သင်တန်းသားဆရာ၊ ဆရာမများအား မတ် ၂၆ ရက်နေ့အထိ သင်ကြားပို့ချဆွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)