ပုသိမ်ကြီး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay At Home ကာလအတွင်း၊ မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာ များမှပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ကာ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း အဖွဲ့(၂)ဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆန်းက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒီဇင်ဘာ ၂ရက်နေ့က ထုတ်ပြန်ထားသည့် ပြည်သူများသို့ အသိပေးပန်ကြားချက်ကို လိုက်နာသောအားဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်း ပြည်သူလူထုအနေဖြင့် Stay Home နေထိုင်ကြခြင်း၊ ဝင်/ထွက် သွားလာခွင့်ကတ်များဖြင့်သာ သွားလာဆောင်ရွက်ကြကြောင်း သိရှိရသည်။
ဇာနည်ကိုကို