ညောင်ရွှေမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ညောင်ရွှေ မတ် ၂၆

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆာင်ရွက်သည့် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီခွဲက ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု လိပ်ခုံးကျေးရွာ ညောင်ရွှေ-ရွှေညောင် ကားလမ်းမဘေးရှိ စံပြစိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချိနိုင်ထွန်းက ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးကျော်က လက်ဆွဲကောက်စိုက်စက်ကိရိယာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး တောင်သူများအတွက် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးဆိုင်ရာပြကွက်များနှင့် စက်ကိရိယာများကို လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ