နမ့်စန်(တ) ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့မ စည်ပင်သာယာဈေး အတွင်း လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင် နှင့်ဝန်ထမ်းများက အမှတ်(၃)ရပ်ကွက် မြို့မစည်ပင်သာယာဈေး အတွင်း/အပြင်တွင် ဈေးရောင်း ဈေးဝယ်နေသူများနှင့် ဆိုင်ကယ် Taxi သမားများကို သတင်းစကား လက်ကမ်းစာစောင် စုစုပေါင်း (၂၅၀)စောင်ကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက် ၊ (၁၆.၁၀.၂၀၂၀)ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက် ၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာ ၊ ကာတွန်း နှင့် မှတ်တမ်းပုံများ ပါဝင်ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)