တောင်ကြီး ဒီဇင်ဘာ ၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြို့မစျေးနှင့် အမှတ်(၅)စျေးအတွင်းရှိ ဈေးဆိုင်များ ဝါးပြားလမ်းဆုံနှင့် လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်၊ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့သမိုင်းအကြောင်း၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာနှင့် ကာတွန်း စသည့် ဗဟုသုတရစေမည့် အကြောင်း အရာများ ပါဝင်ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် စောင်ရေ(၁၀၀၀၀၀)ကို ထုတ်ဝေ၍ နိုင်ငံတစ်ဝန်း၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)