တနင်္သာရီမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

တနင်္သာရီ   နိုဝင်ဘာ၈

နှစ်တစ်ရာပြည့်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အတွဲ(၄)၊အမှတ်(၇)ကို ပြည်သူများလေ့လာ သိရှိနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက ယနေ့နံနက်၈နာရီ အချိန်က လူစည်ကားရာ အောင်မင်္ဂလာ(၂)ဈေးအတွင်းဈေးသွားဈေးလာများနှင့် ခရီးသွား ပြည်သူများအား အခမဲ့ဖြန့်ဝေပေးကြသည်။

အဆိုပါ နှစ်တစ်ရာပြည့်၊ အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် (၅)ချက်၊ အမျိုးသားအောင်ပွဲနေ့သန္္နိဌာန်ကဗျာ၊  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၉၉)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား သဝဏ်လွှာ ကောက်နှုတ်ချက်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၁၆-၁၀-၂၀၁၉)ရက်နေ့ တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်ရေးနှီးနှောဖလှယ်ပွဲ၌ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ရန်ကုန်ယူနီဗာစတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ ဆို အဓိဌါန်ပြုကြသည့်ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဌါန်းသော ကျွန်ပညာရေးဥပဒေနှင့် အမျိုးသားနေ့ ရုပ်ပြကာတွန်းစသဖြင့် စိတ်ဝင်စားဖွယ်ရာများ ပါရှိသဖြင့် ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများက စိတ်ဝင်စား လေ့လာဖတ်ရှုနေကြသည်ကို တွေ့ရှိရသည်။

ထို့အပြင် ၎င်းနှစ်တစ်ရာပြည့်၊ အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်အား ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်ဘုတ်တွင်လည်း ပြသပေးထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)