တနိုင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

တနိုင်း ဒီဇင်ဘာ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၈)ရက် နံနက်(၉)နာရီ ခွဲအချိန်က မြိုနယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အစည်းဝေးတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးလင်းလင်းဦးမှ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဌာနဆိုင်ရာများဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိစစ်သုံးသပ်ကာ ပြည်ထောင်စု လွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့အဖွဲ့ဝင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးနောင်နဂျာတန်နှင့်အတွင်းရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်တို့မှ ပြည်ထောင်စုလွှတ်တော်ခွင့်ပြုရန်ပုံငွေ သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး လျာထားမှုအခြေအနေများ၊ အဆောက်အဦများ မွမ်းမံ တည်ဆောက်နိုင်ရေး လျာထားမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဒေသ အတွင်းရှိအဓိကလိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး အပြန်အလှန်ဆွေးနွေးတိုင်ပင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်ဂျာတန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)