ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စုအလိုက် တစ်ဆင့်မြင့်ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ်မျိုးစပါးများ စိုက်ပျိုးနိုင်ရေး မျိုးစေ့စုဆောင်းခြင်းများဆောင်ရွက်

ကျောက်ဆည်၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းစပါးစိုက်တောင်သူများ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ကျေးရွာအုပ်စု တစ်အုပ်စုတိုင်း၌ တစ်ဆင့်မြင့်သော ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းတစ်ကွက် စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ် စိုက်ပျိုးထားသော  မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများမှ  single plant  စိုက်ပျိုးထားသည့်  အကွက်တစ်ကွက်ချင်းစီအလိုက် သီးခြားပြီး ရိတ်သိမ်း၊ နေလှန်း၊ ထုတ်ပိုးကာ မျိုးစေ့စုဆောင်ခြင်းများ ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မျိုးသန့်၊ မျိုးစေ့ထုတ် မျိုးစပါးများ မျိုးစုဆောင်းရာတွင် လယ်တစ်ဧကစာအတွက် SRI စနစ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်  စပါးတစ်ပင်ချင်း စိုက်ပျိုးခဲ့သည့် စပါး အမြုံ(၈၀)မြုံမှ အရည်အသွေးတူ၊ မျိုးရိုးဗီဇတူပြီး ပိုးမွှားကင်းစင်သည့် ကောက်မြုံများကို ရိတ်သိမ်းပြီး မျိုးရောနှောမှုမရှိစေရေး အစိုဓာတ်(၁၃) ရာခိုင်နှုန်း‌အောက်ရရှိအောင် အခြောက်ခံနေလှန်း ရာတွင် တစ်မြုံချင်းစီမှရရှိသော စပါးစေ့များအား  သီးခြားခွဲကာ စနစ်တကျနေလှန်းပြီး ထုပ်ပိုးသိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  မြို့နယ်အတွင်း ဧရာမင်း မိုးစပါးစိုက်တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးမှားမှုများမှ ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့စနစ်တကျ မျိုးသိမ်း ဆည်းမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်