မန္တလေး ဒီဇင်ဘာ ၈
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနှင့်၈၁လမ်းထောင့်တွင် ယနေ့နံနက် (၁၁)နာရီ (၃၅)မိနစ်ခန့်က မီးငြှိမ်းသတ်ရန် လာရောက်သော အမရဌာနီအနောက်ရပ်ကွက်၊ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး အချင်းချင်းတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊၂၃လမ်း၊ ၈၂လမ်းနှင့် ၃လမ်းကြားတွင် မီးလောင်နေမှုကြောင့် မီးငြှိမ်းသတ်နိုင်ရန်အတွက် ထွက်ခွာလာကြသော အမရဌာနီ အနောက်ရပ်ကွက် မီးသတ်စခန်းမှ တပ်စုမှူး ကောင်းကြည်ဖြူ မောင်းနှင် လာသော မီးသတ်ယာဉ်သည် ၂၂လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင် လာစဉ် အမရဌာနီအနောက်ရပ်ကွက် မီးသတ်စခန်းမှ ၈၁လမ်းအတိုင်း မြောက်မှတောင်သို့ ထပ်မံထွက်ရှိလာသော တပ်စုမှူး ဦးစိန်ဌေး မောင်းနှင်လာသည့် မီးသတ်ယာဉ်နှင့် ၂၂လမ်းနှင့် ၈၁လမ်း ထောင့်တွင် တိုက်မိမှုဖြစ်ပွားခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမရဌာနီ အနောက်ရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး စိန်ဌေးတွင် ခြေထောက် ဒဏ်ရာ(မစိုးရိမ်ရ)နှင့် တပ်စုမှူး ကောင်းကြည်ဖြူ တွင် ခြေထောက်ဒဏ်ရာ (မစိုးရိမ်ရ)၊ တပ်ဖွဲ့ဝင်များဖြစ်ကြ သောထွန်းကြည် (ပွန်းပဲ့)(မစိုးရိမ်ရ)၊ အောင်သူရမောင်(ပွန်းပဲ့) (မစိုးရိမ်ရ)၊ စိုးဝင်းထွန်း ယာလက်ကြိုး၊ ဇော်ဇော်အောင် (ပွန်းပဲ့)၊ စန်းထွန်း (ပွန်းပဲ့)၊စိန်ကုလား ယာခြေထောက်ဖုရောင်(မစိုးရိမ်ရ) စုစုပေါင်း (၈)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)