ပျော်ဘွယ်မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးခဲ့သူများအားရည်စူး၍ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပျော်ဘွယ် ဧပြီ ၁၂

ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် သေဆုံးခဲ့သူများအားရည်စူး၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြင်းဘက်ရပ်ကွက်ရှိ ဝင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာသည့်ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဝင်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်တရားတော်များရွတ်ဖတ်ပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်များအား အမှတ်(၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးကြီး ကျော်ဆွေလင်း၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)