မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် အခြေခံပညာကျောင်းများရှိစာသင်ဆောင်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းဆောင်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်းရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက  ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည် စာသင်ဆောင်များအား လိုက်လံပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေး ကျောင်းဖွင့်အမီဆောင်ရွက်သင့်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အန္တရာယ်ရှိအဆောက်အဦများဖယ်ရှားရှင်းလင်းခြင်း၊ ယာယီအဆောင်များထားရှိပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)သို့သွားရောက်ပြီး နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ သာသနာပိုင်ရုံးနှင့် နှစ်ပေါင်း၁၅၆နှစ်သက်တမ်းရှိ ဘုရားဝတ်ပြု အဆောက်အဦ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကိုလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကိုတာဝန်ရှိသူများ အားပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊  အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့၏ကိုးကွယ်ရာဘာသာရေးဆိုင်ရာ အဆောက်အအုံများအား သက်ဆိုင်ရာမှတာဝန်ရှိသူများကစစ်ဆေး၍ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်