ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်၊ အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့် အခြေခံစားသောက်ကုန်များထောက်ပံ့၊ ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား ဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဧပြီ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများက မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း လေယာဉ်ပြေးလမ်းဘေး မြေဧရိယာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့် စိမ်းလန်းအဖွဲ့များနှင့်အတူ သစ်ပင်ခြံနွယ်များခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့်  လေဆိပ်အဆောက်အအုံရှေ့တို့ရှိ ပန်းခြံများတွင် ခြံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အကိုင်းချိုင်ပေးခြင်း၊ မြေသြဇာထည့်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးဘေး ပမ္မတီးရပ်ကွက် ရေကြည်အပိုင်းရှိ လှပ်မြေဧရိယာဖြစ်ပေါ်နေသော လယ်မြေစုစုပေါင်း (၁၅)ဧက များအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စနစ်တကျ လယ်မြေပြန်လည် ထုတ်ဖော်၍ မိုးစပါးစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ဆက်သွယ်စည်းရုံးဆောင်ရွက်သွားရေး  ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (ဆွတ်ငိုင်တောင်)အတွင်းရှိ ယာယီခိုလှုံရာစခန်းနေ မိသားစုများက ၎င်းတို့ကိုယ်ပိုင်ဝယ်ယူထားသည့်နေရာများတွင် ရွှေ့ပြောင်းနေထိုင်ကြမည်ဖြစ်ရာ အဆိုပါ မိသားစုများအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၂၁)တို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် (၁)အိတ်စီနှင့် ဆီ (၁)ပိဿာဘူးစီတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ (၁)လစာအဖြစ် ငွေကျပ် (၂,၀၆၀,၀၀၀)၊ ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂,၁၀၀,၀၀၀)နှင့် အိမ်ထောင်စုသုံး ပစ္စည်း (၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၁)ပုံးစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် (ရာဒါကောင်း-B)အတွင်းရှိ မြန်မာ Good News ဘုရားကျောင်းသို့ သွားရောက်ပြီး အဆိုပါ ဘုရားကျောင်း၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ခေတ္တတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားကာ အိမ်ထောင်စု (၂၁)စုတို့အတွက် ငွေကျပ်သိန်း ၂၀၀ နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန် (၂၄)ပြည်ပါ ဆန်အိတ် (၁)အိတ်စီဖြင့် စုစုပေါင်း ဆန်အိတ် (၂၁)အိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆီ (၁)ပိဿာဘူး (၁)ဘူးစီတို့ကို ထောက်ပံ့ပေးအပ်ရာ ပြည်သူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဧပြီ ၁၁ ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကချင် ပြည်နယ်လက်ရွေးဇင် ဘောလုံးအားကစားသမားဟောင်းများက ပူးပေါင်းကျင်းပသော ပြည်နယ် ဝန်ကြီးချုပ် ဖလား အသက်(၁၈)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် DU DU Sharaw (ဒူဒူရှရော်)အသင်းနှင့် Everyone FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဒေသခံဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ DU DU Sharaw အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် မြစ်ကြီးနားမြို့ ယူချိန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးရင်းစိန်ပန်းက  အလှူငွေကျပ် (၁,၂၆၆၀,၀၀၀) ကို လှူဒါန်းပေးအပ်မှုကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဆုရဘောလုံးအသင်းများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ဘောလုံးပြိုင်ပွဲတစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများနှင့် အကောင်းဆုံးဘောလုံးသမားဆုများ၊ တတိယဆုရ ဘောလုံးအသင်းတို့အားလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားစုများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရ ဘောလုံး အသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိခဲ့သော ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်