ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းနားသို့ တက်ရောက်

ဟားခါး ဧပြီ ၁၄

၂၀၂၅ ခုနှစ် ၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ အနောက်မမြောက်တိုင်း စစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ၊ ဗိုလ်မှူးချုပ် မိုးဟိန်း ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့်၎င်းတို့၏ဇနီးများ ၊ စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။      

ဦးစွာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် (၁) မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝ ပြုကြသည်။

ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က  မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့(၁၂)လရာသီပွဲတော်များအနက် မြန်မာ့ယဉ်ကျေးမှုကိုမဏ္ဍိုင်ပြုပြီး ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံးကျင်းပသည့် ပွဲတော်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်ရုံသာမက ယူနက်စကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများမှလည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အသိအမှတ်ပြုသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတို့သည် နှစ်သစ်ကူးပွဲတော်ကာလတွင်  နှစ်ဟောင်းမှမကောင်းမှုအညစ်အကြေးများကို ဆေးကြော သန့်စင်သည့်အနေဖြင့် တစ်ဦးကတစ်ဦးကို သိမ်မွေ့ညင်သာစွာ ရေစင်သွန်းလောင်း ပတ်ဖြန်းလျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည့် မဟာသင်္ကြန်အခါသမယတွင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ပျော်ရွှင်စွာ ရေစင်သွန်းလောင်းခြင်းနှင့်အတူ သတ္တဝါများကို ဘေးမဲ့လွတ်ပေးခြင်း၊ အလှူဒါနပြုခြင်း၊ ရဟန်းရှင်ပြုခြင်း၊ သက်ကြီး ဝါကြီးများအား အမွှေးနံ့သာရည် တရော်ကင်ပွန်းတို့နှင့် ခေါင်းလျှော်ပေးခြင်းနှင့်ကန်တော့ခြင်းစသည့် ကောင်းမှုကုသိုလ်များကို စေတနာသဒ္ဒါတရားထက်သန်စွာ ပြုလုပ်လေ့ရှိကြောင်း၊ မြန်မာတို့၏ မဟာသင်္ကြန်ပွဲတော် ရိုးရာဓလေ့ထုံးစံများမှာ အလွန်လေးစားဖွယ်ကောင်းသည့် ဓလေ့ထုံးစံဖြစ်သည့်အလျောက် တိမ်ကောပပျောက်မှုမရှိစေဖို့ ထိန်းသိမ်းလာခဲ့ပါကြောင်း၊ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားသည့် မြန်မာနိုင်ငံ၌သာ အခုလိုယဉ်ကျေးသိမ်မွေ့ပြီး ကောင်းမှုကုသိုလ်များဖြင့် ပြည့်ဝနေသည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ထူးခြားမွန်မြတ်စွာ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ ဒီလိုမြင့်မြတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်နေသဘောထားကို ထင်ဟပ်နေသည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ရဲ့ အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ပိုမိုလေးနက် တည်တံ့စေရေးအတွက် ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်းသွားရန်မှာ တိုင်းရင်းသားမြန်မာလူမျိုးအားလုံးတို့၏ တာဝန်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် သူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးတို့က ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖြန်းပေးကြသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှား ရေးလုပ်ငန်းကော်မတီဆောင်ရွက်ချက် အပိုင်း(၁) အခမ်းအနားကျင်း ဆက်လက်ကျင်းပရာ နွေဦးပျိုမေယိမ်းအဖွဲ့က စင်မြင့်ထက်၌ သနပ်ခါးသွေးပေးကြပြီး ဟားခါးတက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါက်တာသဇင်က မြန်မာ့လူ့အဖွဲ့အစည်းတွင် သနပ်ခါးလိမ်းသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့အကြောင်းကို ရှင်းလင်းပြောကြားသည်။     

ယင်းနောက် ပိတောက်ရွှေဝါယိမ်းအဖွဲ့က ချင်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့်အဖွဲ့ဝင်များအားလည်းကောင်း၊ နာယကနှင့်အဖွဲ့ဝင်များက ပိတောက်ရွှေဝါယိမ်းအဖွဲ့များကိုလည်းကောင်းအပြန်အလှန် သနပ်ခါးညောင်ရွက်ပုံ သနပ်ခါးလိမ်းခြယ်ပေးပြီး ကြွရောက်လာကြသည့် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များအား ဦးညွှတ်ဂါရဝပြုနှုတ်ဆက်ကြကာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားရေးလုပ်ငန်းအောင်မြင်စွာ ရုပ်သိမ်းပြီး စတုဒိသာများဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)