ပင်လောင်း ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာ အုပ်စု၊ ပင်စုံကျေးရွာတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ် ခဲ့သည်။
အဆိုပါ ကျေးရွာမှ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရာတွင် ( NEP- Phase 1 ) အစီအစဉ်ဖြင့် 11 KV ဓာတ်အားလိုင်း ၀.၀၁ မိုင်နှင့် 200 KVA ထရန်စဖော်မာ တည်ဆောက်ပေးခြင်းနှင့် ကျေးရွာပြည်သူ လူထုများမှ 400 V ဓာတ်အားလိုင်း ၁.၅ မိုင်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ (၉၀)ကျော် အကျိုးပြုနိုင်ပြီးဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောလင်းအောင်နှင့် တာဝန် ရှိသူများက လျှပ်စစ်မီးထရန်စဖော်မာအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ထို့နောက် ကျေးရွာဘက်စုံသုံးခန်းမတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းက ကျေးရွာပြည်သူလူထုများအား ကျေးရွာမှလျှပ်စစ်မီးရရှိသည့်အတွက် ဝမ်းသာပီတိစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောလင်းအောင်က လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာပေးဆိုင်ရာ အကြောင်းများ ပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)