ချောင်းသာ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ မဟာသင်္ကြန်ကာလတွင် ပြည်သူများ လာရောက်အပန်းဖြေလျက်ရှိရာ မဟာသင်္ကြန်အကျနေ့နံနက်ပိုင်းက အပန်းဖြေလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့သို့ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့် မဟာသင်္ကြန်ကာလတွင် ခရီးသည်ဝင်ရောက်မှုများပြားပြီး ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးနှင့် ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေးတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိသည်။
ချောင်းသာမြို့သို့ရောက်ရှိလာသည့် ခရီးသွားဧည့်သည်များအနေဖြင့် ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ၊ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားရောက်လည်ပတ်နိုင်သည့်အပြင် ဒေသထွက်အစားအစာ၊ အမှတ်တရပစ္စည်းရောင်းချရာနေတို့တွင်လည်း လေ့လာကြည့်ရှုဝယ်ယူနိုင်သည့် နေရာများရှိကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)