ရေကြည်မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ ရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိ

ရေကြည် ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်နေဝင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် (၁၃၈၆) ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့အား ရိုးရာအစဉ်အလာမပျက်ယဉ်ကျေးသိမ်မွေ့စွာဖြင့် သင်္ကြန်ကာလအတွင်း နေ့စဉ်နံနက်(၉)နာရီမှစ၍ ကျင်းပပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများဖြင့်အေးချမ်းစွာ ရေဖလားတွင်သပြေခက်ထည့်ကာ ရေဆော့ကစားခြင်းနှင့် စတုဒိသာမုန့်များကျွေးမွေး လှူဒါန်းလျက်ရှိသည်။

အေးသင်္ကြန်အတွင်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်စေရန်အတွက် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့်အဖွဲ့ဝင်များက လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲသူများအား မြန်မာ့သနပ်ခါးလိမ်းခြယ်ခြင်း၊ စတုဒိသာ(မုန့်လုံးရေပေါ်) ကျွေးမွေးလှူဒါန်းနေမှုကို ဆောင်ရွက်ကြသည်။ ထို့နောက် မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ကို အေးချမ်းစွာဖြင့် အပြန်အလှန်ရေဖလားများဖြင့် ရေပက်ဖျန်းကြကာ ရေကစားကြသည်။

ရေကြည်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း ရပ်ကွက်၊ ကျေးရွာများ၌ စေတနာရှင်များက စတုဒိသာသင်္ကြန်ထမင်း၊ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခြင်း၊ တစ်ဦးချင်းရေပက်ကစားခြင်းတို့ကို အေးသင်္ကြန်နှင့်အညီအေးချမ်းသာယာစွာဖြတ်သန်းလျက်ရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင်ဘိုးဘွားများအား ကန့်တော့ခြင်း၊ ခြေသဲ လက်သဲ ဖြတ်(ညှပ်) ပေးခြင်း၊ ဇီဝဒါနငါးလွှတ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)