ညောင်ရွှေမြို့နယ်အတွင်း တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးများထောက်ပံ့

ညောင်ရွှေ      ဒီဇင်ဘာ        ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ တိရစ္ဆာန်များ ရာသီအလိုက် ကူးစက်ရောဂါများဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများ ထောက်ပံ့ခြင်းနှင့် ကျေးရွာ အုပ်စုအလိုက် တာဝန်ခွဲဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ ဝက်စသည့် တိရစ္ဆာန်များ ရာသီအလိုက် ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ပုံမှန်လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေး ထိုးနှံခြင်းကို ကျေးရွာအုပ်စု ၃၄ အုပ်စု၌ ဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း၊ တိရစ္ဆာန်ကာကွယ်ဆေးထိုး လုပ်ငန်းသည် ခြောက်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလမှစတင်၍ ဒေသခံ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက ပြောသည်။

အဆိုပါ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ကြီးကြပ်မှုဖြင့် ဒေသခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စု ၃၄ အုပ်စု၌ကာကွယ်ဆေးထိုးဆောင်ရွက်မည့် ဒေသခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား များသို့ ကာကွယ်ဆေးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်