ထားဝယ် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လမ်းလျှောက်သင်္ကြန်ကို မြန်မာရိုးရာယဉ်ကျေးအစဉ်အလာများနှင့်အညီ အေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များနှင့်အညီ ယဉ်ကျေးသိမ့်မွေ့စွာ ပါဝင်ဆင်နွှဲနေသည့် မီးသတ်ဦးစီးဌာရုံးဝင်းအတွင်းနှင့် မြို့တော်ခန်းမအရှေ့တွင် ပြည်သူများနှင့်ဝန်ထမ်းများအား စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တက်ရောက်အားပေးပြီး လမ်းလျှောက်သင်္ကြန်နှင့်အေးသင်္ကြန်ပါဝင်ဆင်နွှဲသူများအား အအေး၊ ဖျော်ရည် ဝေငှပေးကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း စိတ်အေးချမ်းသာစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနေကြသည့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး မြန်မာရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများနှင့်အညီ သပြေခက်ဖြင့် မဟာသင်္ကြန်ရေအား ပက်ဖျန်းခဲ့သည်။
ထို့နောက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကသိရှိစေရန် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးရိုးရာဓလေ့အား ထားဝယ်မြို့တော်ခန်းမအရှေ့တွင် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများက မြန်မာ့သနပ်ခါးကို အမြတ်တနိုးလိမ်းခြယ်ခြင်းအား တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)