ကန်ပက်လက် ဒီဇင်ဘာ ၉
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်(S.O.P)များ နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် လက်ဆေးကန်/လက်ဆေးရေ ထားရှိအသုံးပြုခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ စားသုံးသူများအား သတ်မှတ်အကွာအဝေးအတိုင်း စားသုံးစေခြင်း၊ စားပွဲအကာ အသုံးပြုစေခြင်း များစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် စစ်ဆေးတွေ့ရှိ ချက်များအပေါ် ပြန်လည်သုံးသပ်ပြီးနောက် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပူးပေါင်းစစ်ဆေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။
ကန်ပက်လက်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ စုစုပေါင်း (၁၄)ဆိုင်အား စစ်ဆေးခဲ့ကြပြီးနောက် (၆)ဆိုင်အား ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မဖွင့်လှစ်ရသေးသည့် ဆိုင်များအား လည်း သတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ပါက ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ခြင်းမရှိပါကလည်း သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။
ကိုလိန်း(ပြန်/ဆက်)