ဗန်းမော်မြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဆောင်ရွက်

ဗန်းမော်     ဒီဇင်ဘာ    ၉

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဗန်းမော်မြို့ရှိ လူမှုရေး အသင်းအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ဗန်းမော်မြို့နယ် နောင်လိုက် ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ရေး(၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ ဗန်းမော်မြို့ လူမှုရေးအသင်းအဖွဲ့များဖြစ်ကြသော မေတ္တာဖောင်းဒေးရှင်း၊ ဂရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း(KMSS)၊ ခိုင်မြဲသောလက်တွဲ(Grip Hands)အဖွဲ့တို့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ရေး(၁၆) ရက်တာလှုပ်ရှားမှုတွင် ဖဲကြိုးဖြူလှုပ်ရှားမှုအကြောင်းကို လည်းကောင်း၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုခံရပြီး နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို လည်းကောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြရာ တက်ရောက်လာသည့် ဒေသခံအမျိုးသမီးများအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

" အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ရေး(၁၆) ရက်တာ လှုပ်ရှားမှုမှာ အဲ့ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့မှ ကျား၊မ အခြေပြုအမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်း ဆိုင်ရာများကို ကျေးရွာနေ အမျိုးသမီးများ သိရှိဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်များနဲ့အညီ အသိပညာပေးဆောင်ရွက်ခဲ့ပါတယ်" ဟု ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ပြောသည်။

         

ခရိုင်(ပြန်/ဆက်)