ရွှေကူမြို့နယ်ရှိ Facility Quarantine Centre တွင်ထားရှိသူများအား Test Kit ဖြင့်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ ပြန်လာသူ အမျိုးသမီး ( ၁ ) ဦး၌ ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ရွှေကူ       ဒီဇင်ဘာ      ၉

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့  အမှတ်(၁)ရပ်ကွက်ရှိ ခုံခမ်းအခြေခံပညာအလယ်တန်းကျောင်း  Facility  Quarantine  Centre ၌ အသွားအလာကန့်သတ်ထားရှိသူ (၂၂) ဦးအား   ယမန်နေ့နံနက် ( ၉ ) နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  RDT (Rapid  Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ရာ ရွှေကူမြို့ အမှတ်( ၁ ) ရပ်ကွက်၊ ခုံခမ်းရပ်နေသူ အမျိုးသမီး(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများခံယူလျက်ရှိသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး(၁)ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံ (၁၆)ရပ်ကွက်၊ ရှင်စောပုလမ်းရှိ အဆောင်တွင် ငှားရမ်းနေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိရာမှ နေရပ် ဖြစ်သည့် ရွှေကူမြို့သို့ ပြန်လာခဲ့ကြောင်း၊ မြို့နယ်မှတာဝန်ရှိသူများက ခုံခမ်းရပ် အခြေခံပညာ အလယ်တန်းကျောင်း Facility  Quarantine  Centre တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပို့ဆောင်ထားရှိ၍ ဒီဇင်ဘာလ ( ၈ ) ရက်နေ့၌  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက RDT (Rapid    Antigen Diagnostic Test  Kit ) ဖြင့် စစ်ဆေးရာမှ ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၈)ရက်နေ့ အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၉)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၁၈)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)