ညောင်ဦးမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့်ဇိဝိတဒါနငါးလွှတ်ပွဲနှင့် မြို့တွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

ညောင်ဦး  ဧပြီ  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ နံနက်ပိုင်းက ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့နှစ် ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲကို ယနေ့ နံနက်ပိုင်းအချိန်ကစ တင်ကာကျင်းပလျက် ရှိကြောင်းသိရသည်။

ရှေးဦးစွာ ဇီဝိတဒါန ငါးသားပေါက် အကောင်ရေ (၃၀၀၀၀) အား ပုဂံမြို့ ၊ လောကနန္ဒာမြစ်ဆိပ် ဧရာဝတီမြစ်အတွင်းသို့ကုသိုလ်ဖြစ်လွှတ်ပေးခြင်းနှင့် အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်ရှိ နဂါးဂျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဖွားတို့အား  ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင် ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများက အဘိုးအဖွားတို့အား အလှူငွေနှင့်ပစ္စည်း များလှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး အဘိုးအဖွားများက ဆုတောင်းစကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် အန္တရာယ်ကင်းပရိတ်တရားတော်တို့အား ညောင်ဦးမြို့နယ် ဘုရားနီ လမ်းဆုံမှ စတင်ကာ အနော်ရထာလမ်းမတစ်လျှောက်မှ သီရိပစ္စယာမီးပွိုင့်လမ်းဆုံ၊ ထိုမှပုဂံမြို့ဟောင်း သရပါတံခါးမှ ညောင်ဦးမြို့အတွင်းမှသည် ပုဂံညောင်ဦးလေဆိပ်လမ်းဆုံ၊ ထိုမှပုဂံမြို့သစ် မြို့အတွင်းလမ်းမကြီးတစ်လျှောက်မှ ပုဂံမြို့သစ်မီးပွိုင့်အထိ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရ သည်။

ဒီပါလင်း