တနိုင်း ဒီဇင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၈)နာရီတွင်စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ကို ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြောင့် ကလေးတစ်ဦးအုပ်ထိန်းသူ မိခင် တစ်ဦးသာ လာရန်နှင့် Mask များမဖြစ်မနေ တပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်အကြောင်းကြားကာဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် လာရောက်သူများအား ခြောက်ပေခြားအကွာ စီတန်းထားသောထိုင်ခုံများတွင် စနစ်တကျနေထိုင်စေ၍ တစ်ဦးချင်းစီ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
တနိုင်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေး ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ဆေးထိုးနှံပေးခြင်းတို့ကို မိခင်နှင့်ကလေး ကျန်းမာရေး ဌာန မှ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)