မြောင်းမြမြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲကျင်းပ

မြောင်းမြ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၊ ဆွမ်းဆန်စိမ်းလောင်းလှူရေးဗဟိုဦးစီးကော်မတီ မြောင်းမြမြို့နယ်အသင်းဒုဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် မြို့နယ်လုံးဆိုင်ရာသံဃဒါနဆွမ်းလောင်းပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးကိုကိုနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ မြို့သူမြို့သားများက ဝတ္ထုငွေသားများ၊ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်ရေများအား မြို့လုံးပတ်ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၈၈) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲတို့ကို မြောင်းမြမြို့ရှိ ဘုန်းတော်ကြီးကျောင်း (၄၁၆) ကျောင်းမှ သံဃာတော်စုစုပေါင်း (၂၂၅၀) ပါး၊ သီလရှင်ကျောင်းပေါင်း (၂၂) ကျောင်းမှ သီလရှင်စုစုပေါင်း (၂၆၆) ပါးတို့အား စာရေးတံမဲ (၄၆၈) မဲ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)